စစ်တွေ မတ် ၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ (၂) IDP စခန်းမှ မီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဧည့်ခန်း၌ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ (၂) IDP စခန်းမှ မီးဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပတ် သက်၍ ဆွေးနွေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေါင်းဒုက္ကာ (၂) IDP စခန်း မီးလောင်ပြင်အား နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအား နယ်မြေခံ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေးများဖြန့်ဝေပေးနေမှုနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာမှ ဝန်ထမ်းများက ရေသန့်ဆေးပြားများ ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအတွက် ယာယီမိုးကာတဲများ ဆောက်လုပ်ပြီးစီး၍ နေရာချထားမှုနှင့် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယာယီမိုးကာတဲများ ဆက်လက်ဆောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးကာတဲများစနစ်တကျ ဆောက်လုပ်ပေးပြီး နေရာချထားကြရန်၊ မီးဘေးသင့်ပြည်သူများအတွက် သန့်ရှင်းသောရေရရှိရေး၊ ယင်လုံအိမ်သာများ အသုံးပြုနိုင်ရေး၊ စနစ်တကျချက်ပြုတ်စားသောက်နိုင်ရေးစီစဉ် ဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြည်လွင် ဦးဆောင်ပြီး ဆရာဝန်၊ သူနာပြုများက မီးဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စခန်းတာဝန်ခံရုံး၌ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ခေါင်းဒုက္ကာ (၂) IDP စခန်းတွင် မီးလောင်မှုဖြစ်ပွားသည့် ဖြစ်စဉ်သတင်းရလျင်ရချင်း၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကာ မီးငြိမ်းသတ်ခဲ့ကြကြောင်း၊ ထို့ကြောင့် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ထိုနေ့မှာပင် မိမိတို့ကိုယ်တိုင်လာရောက်ပြီး အချိန်မီထောက်ပံ့ပေးခြင်း၊ မီးလောင်ပြင်ရှင်းလင်းခြင်းများဆောင်ရွက်နိုင်အောင်စီမံပေးခဲ့ကြောင်း၊ နောက်နေ့တွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အတူ ကွင်းဆင်းပြီး မီးလောင်ပြင်အား နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ကြပြီး ယာယီမိုးကာတဲများ တည်ဆောက်ပေးခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ မီးဘေးသင့်ပြည်သူများအနေဖြင့်လည်း နောင်တွင် ယခုကဲ့သို့ဖြစ်စဉ်များမဖြစ်ရအောင် စည်းကမ်းတကျနေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့က လိုအပ်သောထောက်ပံ့ပစ္စည်းများပေးနိုင်ရေး၊ အဆောက်အဦများပြန်လည်တည် ဆောက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို စီမံဆောင်ရွက်ပေးနိုင်ရေး လာရောက်ကြခြင်းဖြစ်ကြောင်း၊ ယာယီနေထိုင် စဉ်ကာလအတွင်း အခက်အခဲရှိသော်လည်း တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီပြီး စည်းကမ်းတကျနေထိုင်ကြရန်လိုကြောင်း၊ ချက်ပြုတ်ရေးအတွက်လည်း နေရာများ စနစ်တကျစီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကိုလည်း ဂရုစိုက်နေထိုင်ကြရန်လိုကြောင်း၊ အလားတူ သောက်သုံးရေကိုလည်း စနစ်တကျသုံးစွဲရန်လိုကြောင်းနှင့် စခန်းအတွင်းသတ်မှတ်ထားသော စည်းကမ်း၊ စည်းမျဉ်းများနှင့်အညီ နေထိုင်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးကြည်က ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ၊ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ကူညီပေးသွားမည့်အစီအစဉ်များ၊ အဝတ်အထည်နှင့် ဆန်၊ စာအုန်းဆီး၊ ဆားနှင့် ပဲများထောက်ပံ့ပေးသွားမည့် အစီ အစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဆန်၊ စားဆီ၊ ဆားနှင့် ပဲများအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်က အဝတ်အထည်များ၊ မီးဘေးသင့်ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ငွေ ၁၂,၉၀၀,၀၀၀အား လည်းကောင်း ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအတွက် ရေလုံလောက်စွာရရှိနိုင်ရန်အတွက် ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရန် ဆိုလာနှင့်ဆိုလာပန့်များ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ (၂) IDP စခန်းမှ မီးဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာတစ်လစာငွေကျပ် ၁၉,၃၄၁,၀၀၀၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ kit ပုံး (၃၁၄) ပုံး၊ Jerry Can ၆၂၈ ခု၊ ASEAN Family Tent ၃၁၄ ခု၊ ဆန်ရိက္ခာ (၇) ရက်စာအတွက် ၂၅,၃၈၀,၀၀၀၊ စားအုန်းဆီ (၇) စာ ၁၁၂ ပိဿာ ၅၀ ကျပ်သား၊ အိမ်သုံးဆား (၇) ရက်စာ ၁၁၂ ပိဿာ ၈၂ ကျပ်သား၊ ကုလားပဲ (၇) ရက်စာ ၇၅၂ ပိဿာ ၁၅ ကျပ်သား၊ ကျား/ မဝတ်အင်္ကျီအထည် ၂၁၀၊ မီးဘေးသင့်ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ငွေကျပ် ၁၂,၉၀၀,၀၀၀ တို့ကို ပေးအပ်ထားပြီးဖြစ် ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)