ဆီဆိုင် မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ၊ လူငယ်မောင်မယ်များ နွေရာသီအားလပ်ချိန်တွင် အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားစိတ်ဓာတ် ပိုမိုမြင့်မားလာစေရန်၊ နွေရာသီအားကစား သင်တန်းမှတစ်ဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် နွေရာသီအားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်ရှိ အားကစားကွင်း၊ ခန်းမ၊ အ.ထ.ကကျောင်းနှင့် ကျေးရွာအားကစားကွင်းများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးသည့် နွေရာသီအားကစားသင်တန်းများမှာ ဘောလုံး (ကျား/မ)၊ ဘောလီဘော(ကျား/မ)၊ စားပွဲတင်တင်းနစ်(ကျား/မ)၊ အေရိုးဗစ်(မ)နှင့် မြန်မာ့သိုင်း (ကျား/မ) စသည့် အားကစားနည်း (၅) မျိုးကို သင်တန်းနည်းပြ (၇) ဦးတို့က နေ့စဉ် သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၂၈) ရက်မှ မတ်လ (၁၅) ရက်နေ့ထိ သင်ကြားပေးမည်ဖြစ်ပြီး မြန်မာ့သိုင်းအားကစာနည်းသင်တန်းအား မတ်လ (၂၄) ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ အားကစား ဝါသနာပါသူများ မည်သူမဆိုတက်ရောက်နိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)