မော်လမြိုင် မတ် ၆
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကိုလေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေး၊ ဌာနဆိုင်ရာအသီးသီးတွင် လုပ်ငန်းတာဝန်များကို နေ့စဉ်ထမ်းဆောင်နေရသည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများ ကျန်းမာကြံ့ခိုင်မှုရှိစေရန် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိတ်ဆွေသင်္ဂဟများ တိုးပွားလာစေရန်ရည်ရွယ်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မွန်အိုးစတား ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မတ်လ ၄ ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် မွန်အိုးစတားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်အိုးစတားဘောလုံးအသင်းက ပြည်နယ်အဆင့် ဌာနဆိုင်ရာဘောလုံးအသင်းကို (၄) ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မုန့်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မတ်လ ၅ ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) တွင် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ကြရန်၊ ကုန်ထုတ်လုပ်သူများအနေဖြင့်လည်း အခြေခံစားကုန်များကို လုံလောက်စွာထုတ်လုပ်ရန်နှင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးကြရန် လမ်းညွှန်မှာကြားခဲ့ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန် ပစ္စည်းများအား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊မိသားစုဝင်များနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူနေကြမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အလာတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ် (မော်လမြိုင်) ၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆန်၊ ဆီ၊ သား/ ငါးနှင့် အခြားစားသောက်ကုန်များကို အများပြည်သူများ ဈေးနှုန်းသက်သာစွာ၀ယ်ယူနိုင်ရေး ဆောင်ရွက်ပေးကြရန်နှင့် လယ်ယာ၊ သားငါး၊ ကုန်ထုတ်ကဏ္ဍများ ပိုမိုတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၂ဝ၂၅ ခုနှစ်၊ မွန်ပြည်နယ်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ဆက်ကပ်လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ သာသနာတောင်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ရေး ဆောင်ရွက်ပေးကြရန်နှင့် မိမိတို့ ကော်မတီအလိုက် လိုအပ်သည်များကို ဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြ့ည်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)