ကျောက်ဆည် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) စုဝေးခန်းမတွင် မတ်လ (၅) ရက် နံနက် (၉) နာရီက မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက တီထွင်သူများအား အသိအမှတ်ဂုဏ်ပြုချီးမြှင့်နိုင်ရန်နှင့် အကျိုးစီးပွားများကို ဥပဒေနှင့်အကာကွယ်ပေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုအကြောင်း၊ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှု ဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်၊ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါက်တာ အေးသီရိဝေ၊ ဦးလင်းအောင်ဆွေတို့က တီထွင်မှု မူပိုင်ခွင့်၏အဓိပ္ပာယ်နှင့်တီထွင်မှု မူပိုင်ခွင့် ခွင့်ပြုပေးနိုင်သည့် သက်တမ်းများ၊ အခွင့်အရေးနှင့် စောင့်ထိန်းရမည့်တာဝန်ဝတ္တရားများ၊ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာဆန်းသစ်တီထွင်မှုနှင့်နည်းပညာများ ဖြန့်ဖြူးလွှဲပြောင်းရေးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ အခမ်းအနားသို့ တက်ရောက် လာသူများက သိရှိလိုသည့်များကို ပြန်လည်မေးမြန်းခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးသွယ်နှင့်တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူ၊ ဌာနမှူးများ၊ ဘာသာရပ်သင်ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)