တောင်ကြီး မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှကျင်းပပြုလုပ်သည့် ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်အသစ်များနှင့် သက်တမ်းတိုးဆောင်ရွက်မည့်လုပ်ငန်းလိုင်စင်များ မြန်ဆန်အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လိုင်စင်အသစ်ထုတ်ပေးရာ၌လည်းကောင်း၊ သက်တမ်းတိုးဆောင်ရွက်ရာ၌လည်းကောင်း သက်ဆိုင်ရာ ဆေးရုံ/ဆေးခန်းများအားလိုက်လံကြည့်ရှုစစ်ဆေးပြီး အဆင့်ဆင့်တင်ပြဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးတွင် ရှောင်တခင်စစ်ဆေးခြင်းအနေဖြင့် နိုင်ငံဝန်ထမ်းများဖြစ်သော ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျင်များရုံးချိန်အတွင်း လာရောက်တာဝန်ထမ်းဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ တည်ဆဲဥပဒေအရအမှုဖွင့်လှစ်ခြင်းခံရသောပုဂ္ဂိုလ်များ ပုဂ္ဂလိကဆေးရုံများတွင် လာရောက်တာဝန်ထမ်းဆောင်ခြင်း ရှိ/မရှိစစ်ဆေးခြင်းတို့ကိုလည်းလစဥ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအနေဖြင့် အစိုးရနှင့်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လျင်မြန်မြန်ဆန်ရေးအတွက် ဗဟိုကော်မတီအားတာဝန်ခံခြင်းဖြင့် ကြီးကြပ်ဆောင်ရွက်သွားရန်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က နှုတ်ခွန်းစကားပြောကြားပြီး ပြည်နယ်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခွန်ဝင်းလတ်က ပုဂ္ဂလိကအထူးကုဆေးခန်း၊ ပုဂ္ဂလိကအထွေထွေရောဂါကုဆေးခန်း၊ ပုဂ္ဂလိကရောဂါရှာဖွေရေး(ဓာတ်ခွဲ၊ဓာတ်မှန်)ခန်းများအား လိုင်စင်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်တက်ရောက်လာကြသူများက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)