ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံစစ်ဓမ္မာ (၇) ကျမ်းမြတ် ဒေသနာရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ကျောက်တန်း မတ်လ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် “အသံစစ်အဘိဓမ္မာ (၇) ကျမ်းမြတ် ဒေသနာရွတ်ဖတ်ပူဇော်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၌  ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် တာ၀န်ရှိသူများ၊ သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး အဘိစမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ရေလည်စေတီတော် ဆုတောင်းပြည့်ငါးစပ်ဘုရားတန်းဆောင်းတော်၌  နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်ဘဒ္ဒန္တသုန္ဒရ (နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) အရှေ့ကျောင်းကြီးတိုက်၊ ကန်ပြောင်ကျေးရွာ၊ ကျောက်တန်းမြို့နယ်မှ ရောင်ခြည်တော်ဖွင့်ဘုရားပင့်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ ဆရာတော်ဘဒ္ဒန္တဣန္ဒာစာရ (ဩဝါဒါစရိယ၊ သာသနဓဇဓမ္မာစရိယ၊ တိုင်းသံဃဝန်ဆောင်) အရှေ့ကျောင်းကြီးတိုက်၊ မင်္ဂလွန်းစံပြကျေးရွာ၊ ကျောက်တန်းမြို့နယ်မှ အရှင်မဟာဗုဒ္ဓဃောသရေးသားဖွဲ့ဆိုသော ပဋ္ဌာန်း အဋ္ဌာကထာပဏာမဂါထာဖြင့် ပဋ္ဌာန်းကျမ်းတော်ကြီးအား ဂါရဝပူဇာမင်္ဂလာမှုပြုခဲ့ကာ ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ (ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒွိပိဋကရေ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မာဇောတိကဓဇ) တိပိဋကာလင်္ကာရပရိယတ္တိစာသင်တိုက်၊ သာကေတမြို့နယ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

အဘိဓမ္မာဒေသနာတော်မြတ် (၇) ကျမ်းအား အလှည့်ကျအဘိဓမ္မာဘာဏကသံဃာတော်များမှ ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)