ဗဟန်း မတ် ၅
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သန့်ရှင်းရေးဌာန၊ မော်တော်ယာဉ်ဌာနခွဲ၏ အမှိုက်သိမ်းယာဉ်များ မောင်းနှင်ထိန်းသိမ်းခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး မွမ်းမံသင်တန်းနှင့် ယန္တရားများ မောင်းနှင်ထိန်းသိမ်းခြင်း မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ မော်တော်ယာဉ်ဌာနခွဲရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ ဒုတိယမြို့တော်ဝန်မှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် “ယခုသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် ယာဉ်၊ ယန္တရားများကို သက်တမ်းရှည်ကြာစွာ သုံးစွဲနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ထိန်းသိမ်းမောင်းနှင်ရေး အသိပညာပေးရန်၊ ဌာနမှသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများနှင့်အညီ ယာဉ်၊ ယန္တရားများကိုစနစ်တကျမောင်းနှင် အသုံးပြုတတ်စေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို အမြဲသတိပြု လိုက်နာမောင်းနှင်တတ်စေရန်၊ ယာဉ်မောင်းကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန်၊ ကော်မတီအတွက် လိုအပ်သော ယာဉ်မောင်း၊ ယန္တရားမောင်းများ မွေးထုတ်ဖြည့်ဆည်းပေးရန်၊ မြေပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာဉ်၊ ယန္တရားများအတွက် လိုအပ်သောသုံးကုန်ပစ္စည်းများကို ချွေတာစွာသုံးစွဲတတ်စေရန်၊ ယာဉ်၊ ယန္တရားများတွင် ပါရှိသော ဟိုက်ဒြောလစ်စနစ်များကို နည်းစနစ်မှန်ကန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ဆီ၊ ရေ၊ လေ၊ ဝိုင်၊ အမဲဆီတို့အား နေ့စဉ်ဂရုပြု စစ်ဆေးခြင်းဖြင့်ကြီးမားသည့် ယာဉ်၊ ယန္တရားပျက်စီးမှုများမှ ကာကွယ်ရန်၊ ယခုသင်တန်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဘာသာရပ်၊ မော်တော်ယာဉ်မောင်းနှင် ထိန်းသိမ်းခြင်း ဘာသာရပ်၊ ယန္တရားများ မောင်းနှင်ထိန်းသိမ်းခြင်းဘာသာရပ်၊ အခြေခံစက်ပြင်ဘာသာရပ်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဘာသာရပ်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်မတော်တဆမှုများ ကာကွယ်နိုင်စေရေး၊ ရှောင်ကျဉ်နိုင်စေရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းကို မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ခရိုင်ချုပ်များ၊ ခရိုင်မှူးများနှင့်အတူ မော်တော်ယာဉ်ဌာနခွဲရှိ သင်တန်းဆရာများ၊ ယန္တရားရောင်းချသည့်ကုမ္ပဏီများမှ သင်တန်းဆရာများ၊ ဆားဗစ်မန်နေဂျာများကလည်း ၎င်းတို့နှင့်သက်ဆိုင်သည့် ယန္တရားများအတွက် သီးခြားလိုက်နာဆောင်ရွက်ရမည့် ယန္တရားကိုင်တွယ်မောင်းနှင်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြသဝိုင်းဝန်းသင်ကြားပေးမည်ဖြစ်ကြောင်း၊ ယန္တရားမောင်းများအတွက် သင်တန်းပြီးဆုံးချိန်တွင် သင်တန်းအောင်လက်မှတ်များကို ပေးအပ်မည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ကြိုးစားသင်ယူရန်လိုအပ်ကြောင်း၊ အောင်လက်မှတ် ရှိသူများကိုသာ ယန္တရားမောင်းတာဝန်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများကို ယခုသင်တန်းမှ ပို့ချမည့်သင်ခန်းစာများကို တက်တက်ကြွကြွ ပါဝင်သင်ယူကြရန်မှာကြားလိုကြောင်း၊ မိမိတို့၏လုပ်ငန်းခွင်အန္တရာယ်မရှိအောင် အမြဲဂရုပြုနေထိုင်၍ မိမိတို့၏ကျန်းမာရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ ရန်ကုန်မြို့တော်ကြီးကို အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပပြီး နေချင့်စဖွယ်မြို့တော်ကြီးဖြစ်အောင် သင်တန်းသားများမှ ကြိုးစားဆောင်ရွက်သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆) ချက်ကိုလည်း အမြဲလိုက်နာပြီး တာဝန်များကို ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
အမှိုက်သိမ်းယာဉ်များ မောင်းနှင်ထိန်းသိမ်းခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး မွမ်းမံသင်တန်းကို သင်တန်းသား (၂၀) ဦးတက်ရောက်၍ (၇) ရက်ကြာမြင့်မည်ဖြစ်ပြီး ယန္တရားများမောင်းနှင် ထိန်းသိမ်းခြင်းမွမ်းမံသင်တန်းကို သင်တန်းသား (၄၀၀) ဦး တက်ရောက်၍ (၂) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)