သထုံ မတ် ၅
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သထုံ)တွင် ပညာသင်ကြားနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နေရပ်သို့ပြန်ရန် ခက်ခဲနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပညာသင်စရိတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က အခက်အခဲဖြစ်နေသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်စရိတ်၊ နေထိုင်စားသောက်ရေးစရိတ်တို့ အဆင်ပြေစွာဖြင့် ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် ပေးအပ်ရခြင်းဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာသင်ကြားကာ ထူးချွန်အောင်မြင်အောင် ကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်းက နေရပ်ပြန်ရန်ခက်ခဲသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်းပေးအပ်သည့် ငွေကျပ် စုစုပေါင်း ၁၂၈၅၀၀၀ ကျပ်အား လွှဲပြောင်းပေးအပ်ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သထုံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ထွေးနှင့် ကျောင်းသား၊ ကျောင်းသူတို့မှ လက်ခံရယူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)