ဗဟန်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၃)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းအား အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)က အကျယ် ၂၄ ပေ၊ အရှည် ၁၀၀၀ ပေ၊ ထု ၁၁ လက်မကွန်ကရစ်ခင်းကျင်းနေမှုနှင့် ပဲခူးမြစ်အတွင်းစီးဝင်သည့် ဒဂုံတံတားရေထိန်းတံခါးရေစီးရေလာအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီးလမ်းပေါ်ရေတင်ရေဝပ်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်၊ ရေစီးရေလာကောင်းမွန်စေရန် လမ်းဘေးရေမြောင်းများ စနစ်တကျဖောက်လုပ်ရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ရေထိန်းတံခါးမှတစ်ဆင့် ပဲခူးမြစ်အတွင်းစီးဆင်းသည့် ရေများအညစ်အကြေးကင်းစင်စေရေးတာဝန်ရှိသူများ ဝိုင်းဝန်းဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ မတ်လ(၄)ရက်ညပိုင်းက ဗဟန်းမြို့နယ်၊ ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းထောင့်တွင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က မြို့တော်နေပြည်သူများ အဆင်ပြေစွာသွားလာနိုင်စေရန် အရှည် ၃၅၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၂ လက်မ လမ်းသားတိုးချဲ့ပြီး AC ကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးရေမြောင်းအတွင်း အမှိုက်များရှင်းလင်းရန်၊ မြောင်းဖုံးများ ဖုံးအုပ်နိုင်ရေး ဆောင်ရွက်ရန်၊ လမ်းတစ်လျှောက်အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ရန်နှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တို့ကိုမှာကြားကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)