ဗဟန်းမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေးလုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်

ဗဟန်း မတ် ၅

ဗဟန်းမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲပိုင်းတွင် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ Ocean စျေးဝယ်စင်တာ ခန်းမ၌ကျင်းပသည်။

ဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အစားအသောက်နှင့်ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် ကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဆောင်ရန်၊​ရှောင်ရန်များကိုရှင်းပြောကြားသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကာကွယ်တားဆီးရေးအတွက် သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Ocean စျေးဝယ်စင်တာရှိ ဆိုင်ခန်းပေါင်း(၃၂)ခန်းတို့တွင် အစားအသောက် ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဉ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်း ရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask Cap ၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများအသုံးပြုခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)