မိုင်းယန်းမြို့၌ “မြန်မာသနပ်ခါးလ” အထိမ်းအမှတ် သနပ်ခါးလှုပ်ရှားမှုဆောင်ရွက်

မိုင်းယန်း မတ် ၅

မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက လိန်းကျံအလှခြယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပြီး သနပ်ခါးကို မခုံမင်မနှစ်သက်သော မြန်မာအမျိုးသမီးဟူ၍ မရှိသလောက်ပင် ရှားပါးသည်။ မြန်မာလူမျိုးများသည် သနပ်ခါးကို နှစ်သက်ခြင်းသည် အလှအပလိမ်းကျံစရာ ပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ ဆေးဘက်ဝင်သည့် အာနိသင်ဂုဏ်သတ္တိများကြောင့် သနပ်ခါးကို မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုကြသည်။

မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့၏ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာခဲ့ကြပြီး မြန်မာတစ်မျိုးသားလုံးအနေဖြင့် မြန်မာ့သနပ်ခါးကိုမြတ်မြတ်နိုနိုး တန်ဖိုးထားလျက် ပျောက်ကွယ်မသွားစေရန်ထိန်းသိမ်းကြစေရန်နှင့် မြန်မာ့သနပ်ခါးသည် မြန်မာနိုင်ငံ၏ ဒြပ်မဲ့အဖိုးတန်ယဉ်ကျေးမှုဓလေ့ဖြစ်သည်ကို သိရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နီဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးအဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများစုပေါင်း၍ "မြန်မာသနပ်ခါးလ" အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလတွင် မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ Grade-1 ကျောင်းသား၊ ကျောင်းသူလေးများအား သနပ်ခါးလိမ်းခြယ်ပေးခြင်း၊ Grade-9 ကျောင်းသား၊ ကျောင်းသူများအား မြန်မာသနပ်ခါးအကြောင်း သိကောင်းစရာများကို ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး