နေပြည်တော် မတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများအား ချပြရှင်းလင်းခြင်း၊ လူမှုကွန်ယက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေး ဆွေးနွေးပြောကြားခြင်း၊ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် ကူညီပံ့ပိုးပေးကြပါရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)