နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၅

နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည်ကျင့်သုံးနိုင်စေရန်အတွက် ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားသည်။

အခမ်းအနားသို့ နေပြည်‌တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များ၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် သင်တန်းနည်းပြများ၊ သင်တန်းတက်ရောက်မည့် အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံနှင့်ပြည်သူတို့၏အကျိုးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာရန် လူတိုင်းတွင် တာဝန်ရှိကြသည့်အလျောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ဥပဒေဆိုင်ရာအခြေခံသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီး၌ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျအမှားအယွင်းမရှိ တာဝန်ထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်ရန်လိုအပ်ကြောင်း၊ ဆင်ခြင်တုံတရားနှင့် စိတ်ကောင်းစေတနာကောင်းထားပြီး လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ကျေပွန်စွာ ထမ်းဆောင်တတ်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ဥပဒေအသိပညာရပ်များကို ပိုမိုသိရှိနားလည်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး ဥပဒေနှင့်ငြိစွန်းနိုင်သည့် ကိစ္စရပ်များကို ရှောင်ရှား၍ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ယုံကြည်ချက်ခိုင်မာစွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/သင်တန်းသူ ၁၀၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအားလုံး တက်ရောက်သင်ကြားနိုင်စေရေးအတွက် ဥပဒေဆိုင်ရာအသိပညာပြန့်ပွားရေးသင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)