မိုင်းဖြတ် မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသခံတောင်သူများ၏ လယ်ယာမြေများ ရေလွှမ်းမိုးမှုမှကာကွယ်ရန်အတွက် နမ့်မယ်ဟုတ်ချောင်း လက်ဝဲဘက်ရှိ ချောင်းပေါင်ကျိုးပေါက်မှုပြုပြင်ခြင်းလုပ်ငန်း အပိုင်း(၁)ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ချောင်းပေါင်ပြုပြင်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရ အထွေထွေပိုလျှံရန်ပုံငွေ (၅၈.၈၅၀) ကျပ်သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ)ဦးဇော်မင်းဦး၊ ကြီးကြပ်အင်ဂျင်နီယာ ဒုတိယဦးစီးမှူး(မြို့ပြ) ဦးကောင်းမြတ်ဇော်တို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အလျား ၁၀၀၀ပေ၊ အောက်ခြေအကျယ် ၆၀ ပေ၊ အနက် ၆ပေ အတိုင်းအတာရှိ လုပ်ငန်းအမျိုးအစားဖြစ်ကြောင်း သိရသည်။
အဆိုပါ နမ့်မယ်ဟုတ်ချောင်း၊ ချောင်းပေါင်းပြုပြင်ခြင်းသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလက မိုခါမုန်တိုင်းကြောင့် မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ နမ့်မယ်ဟုတ်ချောင်း တာပေါင်ကျိုးပေါက်၍ လယ်ယာမြေအချို့ ရေများဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ ရေလွှမ်းမိုးမှုဘေးမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)