တာချီလိတ် မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ရေကြီးရေလျှံမှုလျော့နည်းစေရေးအတွက် ရေနုတ်မြောင်းများ အရှိန်အဟုန်ဖြင့်ဆယ်ယူနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမတွင် ကျင်းပပြုသည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်စပ်လျဥ်း၍ ဌာနဆိုင်ရာများနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းချပြသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က မြို့တွင်းလမ်းပိုင်းများ၊ ရေနုတ်မြောင်းများ ချောင်းအတွင်းရွှံနွံနှင့် နုန်းများ ဆယ်ယူရှင်းလင်းရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် သံကူကွန်ကရစ် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေထိန်းတံခါးနှင့် ရေထွက်မြောင်းလုပ်ငန်းများကို ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် မြို့မမြိုဖများ၊ လုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အကြံပြုဆွေးနွေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)