တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပ

တံတားဦး မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ သိကောင်းစရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကား ပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင်  အကျုံးဝင်သူများကို ဥပဒေ၊ နည်းပဒေများနှင့် အညီဆင့်ခေါ်ရေး၊ သတ်မှတ်အင်အား ပြည့်မီရေး၊ ပြဌာန်းထားရှိသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများကို လေ့လာမှတ်သား၍  ပြည်သူများသိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ကြစေရန်နှင့် အခက်အခဲများ’ရှိပါက အထက်အဖွဲ့အစည်းများထံသို့ တင်ပြပေးစေလိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တံတားဦခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ တံတားဦမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အပတ်စဉ်ဆောင်ရွက်ထားရှိမှုနှင့် ညွှန်ကြားချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဆောင်ရွက်ထားရှိမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အသီးသီးဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)