နေပြည်တော် မတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မွေးမြူရေးဇုန်များရှိ မွေးမြူရေးလုပ်ငန်းရှင်များ တက်ရာက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း မွေးမြူရေးကဏ္ဍထုတ်ကုန်များ ထုတ်လုပ်မှုမြှင့်တင်၍ ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မွေးမြူရေးကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့မွေးမြူရေးဆောင်ရွက်ရေး၊ မျိုးကောင်းမျိုးသန့်များနှင့် သဘာဝအတိုင်း သားစပ်ခြင်း၊ မေထုန်မဲ့သားစပ်နည်းများဖြင့် မျိုးမြှင့်သားစပ်ခြင်းတို့ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မေထုန်မဲ့သားစပ်ခြင်းအတွက် မျိုးသန့်မျိုးရည်ခဲချောင်းများကို စီမံပေးရေး၊ လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးစနစ်သို့ ကူးပြောင်းမွေးမြူနိုင်ရေးဆောင်ရွက်ရေး၊ သမားရိုးကျမွေးမြူရေးစနစ်မှ ခေတ်မီမွေးမြူရေးစနစ်သို့ ကူးပြောင်းနိုင်ရေး၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ဆိုင်ရာ နည်းလမ်းများကို ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို မွေးမြူရေးအစာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စနစ်တကျအသုံးချစေရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတွဲဖက်ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရေးအတွက် မြစိမ်းရောင် (အသားကဏ္ဍ)ကျေးရွာများထူထောင်ပြီး အောင်မြင်မှုရရှိရေးကိုလည်း အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ထုတ်လုပ်မှုကောင်းသည့် နွားမျိုးကောင်းမျိုးသန့် တိရစ္ဆာန်များကို တောင်သူများထံ ဖြန့်ဖြူးခြင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်နှင့် ဆေးဝါးများ ဖြည့်ဆည်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ရောဂါဖြစ်ပွားမှုများအား ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရောဂါစူးစမ်းလေ့လာခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ငွေများပံ့ပိုးပေးလျက်ရှိရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ချေးပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ ငါးမွေးတောင်သူများအား ပုံမှန်ဝင်ငွေရရှိရေးအတွက် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးမွေးမြူရေး နည်းပညာပေးရေး၊ ရောဂါကင်းရှင်းကျန်းမာစေရန် စစ်ဆေးပေးခြင်းများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နေပြည်တော်အတွင်းရှိ မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ အောင်မြင်အောင်ဆောင်ရွက်ရေး၊ ကုန်ထုတ်လမ်းများ၊ မွေးမြူရေးအဆောက်အဦများ အစီအစဉ်တကျဖော်ဆောင်နိုင်ရေး၊ ဇုန်များအလိုက် ထိုက်သင့်သည့်နှုန်းထားများအတိုင်း မွေးမြူဆောင်ရွက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်မွေးမြူရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များက မွေးမြူရေးဇုန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)