မုဒုံမြို့၌ နွေစပါး ဧက ၁၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မုဒုံ မတ် ၅

မွန်ပြည်နယ် မုဒုံမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် ချောင်းပိတ်မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်များဖြင့် နွေစပါး ၁၅၇၁ ဧကစိုက်ပျိုးရန်လျာထားပြီး ယခုအခါ ၁၀၄၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဘဲရမ်းကျေးရွာတွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကွက် ဧက ၃၀၀ ကို တောင်သူပညာပေးစိုက်ကွက်များ ဆောင်ရွက်ထားသကဲ့သို့ ဗဟိုမျိုးသန့်ခြံမှ ထွက်ရှိလာသည့် မျိုးကောင်းမျိုးသန့်များကို တစ်ဧက ၁၀၀ တင်း ၁၂၀ ပန်းတိုင်အထွက်နှုန်းရရှိစေရန်၊ မျိုးများအား စနစ်တကျ ပေါင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပြီး ခြောက်တန်းတစ်တန်းချက်ချင်းနုတ် ချက်ချင်းစိုက်စနစ်များဖြင့် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်းပြီး စိုက်ခင်းများ အောင်မြင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးခြင်း၊ မျိုးသန့်စံပြကွက်တွင် မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါကင်းထောက်စနစ် ကြိုတင်ကာကွယ်ရေးနည်းစနစ်များနှင့် တောင်သူပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ထံမှ သိရသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဓာတ်မြေသြဇာများကို သက်သာသောစျေးနှူန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိပြီး နွေစပါးလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)