ကျောက်ပန်းတောင်းမြို့နယ်တွင် ဓမ္မာစရိယထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်အစိုးရ ဓမ္မာစရိယနှင့်ပါဠိပါထမပြန် စာမေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး၊ ကျောက်ပန်းတောင်း မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသုမနဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စိတ္တပါလ ဂူကျောင်းစာသင်တိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး၊ ကြွရောက်တော်မူလာကြသည့် သံယာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က  သာသနာရေး ဆိုင်ရာများကို လျှောက်ထားပြီး၊ သာသနဓဇ ဓမ္မာစရိယဘွဲ့ရ အရှင်သူမြတ် သုံးပါးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသုမနဓဇထံမှ  ဩဝါဒကထာနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေကြသည်။ ဆက်လက် ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုနှင်းသဘင်အတွက် ငွေကျပ်သိန်း (၁၀၀) လှူဒါန်းသည့် ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းအဖွဲ့အား ဂုဏ်ပြုလက်မှတ်ပေးအပ်ရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လက်ခံရယူပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။ ယင်းနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက သာသနဓဇဓမ္မာစရိယဘွဲ့ရ အရှင်သူမြတ် (၃)ပါး၊ ပထမကြီးတန်းအောင်အရှင်သူမြတ် (၇)ပါး၊ ပထမလတ်တန်းအောင် (၂၀)ပါး၊ ပထမငယ်တန်းအောင် (၄၉)ပါး၊ အခြေပြုမူလတန်းအောင်(၁၁၅)ပါး စုစုပေါင်း စာအောင်အရှင်သူမြတ် (၁၉၄)ပါးနှင့် သီလရှင်ဆရာလေး(၁၀)ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူ ဆက်ကပ် ကြပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များ၊ စာမေးပွဲကြီးကြပ် ဆရာတော်များ၊ စာအောင်သံဃာများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုစုပေါင်း (၂၅၅)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)