ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၄၈) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မတ်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီစာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၄၈) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာရန် ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့တော်ဝန်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် “သင်တန်းဆင်းပြီးမိမိတို့ဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအပါအဝင် ကော်မတီရှိ ဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းများအပေါ်တွင် ပိုမိုကျွမ်းကျင်ထက်မြက်စွာ ဆောင်ရွက်နိုင်ရန် စဉ်ဆက်မပြတ် သင်ယူသွားကြရန်နှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် စေတနာကောင်းများဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ကို တည်ဆောက်ရာတွင် အရင်းအနှီး၊ အတတ်ပညာနှင့် လူသားအရင်းအမြစ်များသည် အဓိကအရေးပါသည့်အချက် များဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းပြီး ဝန်ထမ်းသင်တန်းကျောင်းအပါအဝင် သက်ဆိုင်ရာဌာနအလိုက်ပါ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိကြောင်း၊ “ဝန်ထမ်းများသည် နိုင်ငံတော်၏အကျိုးအတွက် အချိန်ပြည့် အလုပ်လုပ်ရန် တာဝန်ရှိသည်”၊ “မူလတာဝန်သာမက နိုင်ငံတော်က ပေးအပ်လာသော အခြားတာဝန်များကိုလည်း ထမ်းဆောင်ရန် တာဝန်ရှိသည်” ၊ “ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက် စသည်များကိုလည်း လိုက်နာရန် တာဝန်ရှိသည်” စသည့်နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့် တာဝန် (၃) ရပ်ကို ကိုယ်စီကိုယ်စီ သိရှိလိုက်နာရန်လိုအပ်ပြီး တာဝန်ထမ်းဆောင်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ် ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် မြို့တော်နေပြည်သူများ နှစ်သက်ယုံကြည်မှုရှိလာစေရန် စိတ်စေတနာကောင်းမွန်စွာဖြင့် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့၏ ဝန်ထမ်းဘဝတစ်လျှောက် တာဝန်ထမ်းဆောင်ရာတွင် “ဝန်ထမ်းကျင့်ဝတ်” ကို အထူးအလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း၊ ကျင့်ဝတ်သည် တစ်နည်းအားဖြင့် အကျင့်သီလဖြစ်သောကြောင့် ဝန်ထမ်းကောင်းတစ်ဦးဖြစ်လာရန် သတ်မှတ်ထားသည့် ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာရန် လိုအပ်မှာဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၁၂) ပါး၊ ဝန်ထမ်းအချင်းအချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၅) ပါး၊ ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၅) ပါး၊ နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၈) ပါးတို့ကို ကိုယ်တိုင်သိရှိလိုက်နာစောင့်ထိန်းရမှာဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့တော်သူ/မြို့တော်သားများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် သန့်ရှင်းသာယာလှပရေး၊ ရေကောင်းရေသန့်ရရှိရေး၊ စိတ်ချမ်းမြေ့စွာအပန်းဖြေနိုင်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးအတွက် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ရန်ကုန်မြို့တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းခြင်း၊ လူမှုစီးပွားဘဝတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာမြို့ကြီးများကဲ့သို့ သစ်လွင်ခန့်ညားသည့် မြင်ကွင်းသစ်များ ပေါ်ထွန်းလာရန်ကိုလည်း အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့တော်နေပြည်သူများကို အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ရသင့်ရထိုက် စည်းကြပ်သင့်စည်းကြပ်ထိုက်သည့် အခွန်၊ အခများ အပြည့်အဝရရှိရေးကိုလည်း အဓိကထားကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့တော်သူ၊ မြို့တော်သားများ၏ အမှန်လိုအပ်ချက်များကို သိရှိအောင် လိုအပ်သည့် စစ်တမ်းများ၊ သုတေသနများစသည့် အစီအစဉ်များကိုပါ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ကျရာအခန်းကဏ္ဍကနေ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် သင်ယူအားထုတ် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေခြင်း”၊ “ပြည်ထောင်စု မပြိုကွဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ခြင်း”၊ “ဝန်ထမ်းအဖွဲ့အစည်းအချင်းချင်း တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်းခြင်း ” ၊ “အမိနိုင်ငံတော်ကြီး၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ခြင်း”၊ “ပါတီနိုင်ငံရေးနှင့် ကင်းရှင်းအောင် နေထိုင်ခြင်း ” ၊ “ပေးအပ်သည့် အမိန့်နှင့် တာဝန်များကို ဦးလည်မသုန်ကြိုးပမ်းဆောင်ရွက်ခြင်း” စသည့် နိုင်ငံ့ဝန်ထမ်းများ၏ သစ္စာအဓိဋ္ဌာန် (၆) ချက်ကို မပျက်မယွင်းအောင် စောင့်သိလိုက်နာသွားကြရန် မှာကြားလိုကြောင်း” ပြောကြားသည်။

ထို့နောက် မြို့တော်ဝန်က သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးထံပေးအပ်ပြီး သင်တန်းတွင် ထူးချွန်ပထမဆုရရှိသည့် ကော်မတီရုံးဌာနမှ ကျွမ်းကျင် (၃) ဒေါ်မိုးစန္ဒာမြင့်၊ ထူးချွန်ဒုတိယဆုရရှိသည့် မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ ပုံသေဒေါ်တင့်တင့်ဝေ၊ ထူးချွန်တတိယဆုရရှိသည့် စီမံရေးရာဌာန (ဗဟန်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး) မှ အငယ်တန်းစာရေး ဒေါ်သစ်ဖူးငုံတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၄၈) သင်တန်းကို ဖေဖော်ဝါရီ (၄) ရက်မှ မတ် (၄) ရက်အထိ ရက်သတ္တပတ် (၄) ပတ် ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ ဌာနများမှ သင်တန်းသား/သင်တန်းသူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)