လမ်းမတော်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ

လမ်းမတော် မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club)စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာမခင်စောတင့်ရေးသားသည့် "စိတ်ရှင်းရင် ဘဝလည်းရှင်းတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၁)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် အမိမြေသစ္စာ သတင်းစုံဂျာနယ်မှ အယ်ဒီတာချုပ် ဦးသူရဇော်က အဖွင့်အမှာစကားပြောကြားခြင်း၊ စာရေးဆရာမတင့်တယ်ခင်က မုဒိတာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်စိန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေဝါသနာရှင်များက စာရေးဆရာမခင်စောတင့်ရေးသားသည့် စိတ်ရှင်းရင် ဘဝလည်းရှင်းတယ် စာအုပ်ထဲမှ "အကောင်းဆုံး လူသားဖြစ်ဖို့ အလားအလာ ဆောင်းပါးကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လမ်းမတော်မြို့နယ် ဦးစီးအရာရှိဒေါ်တင်တင်စိန်က ကျေးဇူးတင်စကားပြောကြားသည်။

လမ်းမတော်မြို့နယ်လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ Book Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့်အသိပညာပေး ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တင်တင်စိန် (ပြန်/ဆက်)