လသာမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ

လသာ မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (Book Club) စာပေချစ်မြတ်နိုးသူများစာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် အမိမြေသစ္စာသတင်းစုံဂျာနယ်အယ်ဒီတာချုပ်ဦးသူရဇော်က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမတင့်တယ်ခင်က မုဒိတာစကားပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းသဲနုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စာရေးဆရာမလှိုင်ထိပ်ထားဝင်း(ရွှေတိုင်မြေ)က ၎င်းရေးသားသည့် “လမ်းခွ" ရသဝတ္ထုတို့ကို ဖတ်ကြားဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားရှိသည့် သုတ/ရသစာအုပ်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြသည်။ လသာမြို့နယ်လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ(Book Club) စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့်အသိပညာပေးဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နန်းသဲနုအောင်