တံတားမြို့ ဇီးဖြူပင်ကျေးရွာ၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြဆောင်ရွက်

တံတား မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ဇီးဖြူပင်ကျေးရွာတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြမှုများအား ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျေးရွာအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်   တံတားမြို့နယ်မြေမီးသတ်စခန်းမှ     မီးသတ်တပ်ကြပ်ကြီးထွန်းအောင်ကျော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ၊ အဖွဲ့ဝင်များပူးပေါင်း၍ မီးဘေးကြောင့်ကျေးရွာနေပြည်သူများ အသက်အိုးအိမ်စည်းစိမ်များမဆုံးရှုံးစေရန်၊  မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ  လိုက်နာရမည့်အချက်များ၊    မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊   မီးစတင်လောင်ကျွမ်းခြင်းများ၊    မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာသည့်အခါ  စနစ်တကျမီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးငြှိမ်းသတ်ခြင်းအမျိုးအစားများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မီးသတ်တပ်ကြပ်ကြီးထွန်းအောင်ကျော်က ရှင်းလင်းပြောကြားပြီးနောက် မီးငြှိမ်းသတ်ရေးကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍  စနစ်တကျမီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများပြုလုပ်ခဲ့သည်။

တံတားမြို့မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ယာဉ်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးသရုပ်ပြခြင်းနှင့် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းများကို စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပန်ဆုပြည့်(ပြန်/ဆက်)