သုံးခွ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်များရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်းနှင့် ဆန်၊ ဆီပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်များရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ တစ်ဦးလျှင် ယူနီဖောင်း ၁ စုံ ၊ ဆန် ၅ ပြည်အိတ်တစ်အိတ်နှင့် ဆီ ၃ လီတာဘူး ၁ ဘူးတို့ကို တပ်ဖွဲ့ဝင်(၁၃၉)ဦးတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီးဦးဘိုဌေးတို့က အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သုံးခွမြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တပ်စိတ်(၂)မှ တပ်စုမှူးဦးအေးဝင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်