ဟိုပုံး မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်းပင်သာယာရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်အန္တရာယ်၊ မီးခိုးမြူငွေ့အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် Recycle Bag များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ဟိုပုံးမြို့နယ် မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေးနည်းလမ်းများအား ဈေးသည်များနှင့် ဈေးဝယ်လာသည့်ပြည်သူများအား အသိပညာပေးရှင်းလင်းပြောကြားကာ Recycle Bag များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ပလတ်စတစ်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပလတ်စတစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းမရှိသောကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများ၊ ပလတ်စတစ်အပါအဝင် စွန့်ပစ်အမှိုက်များ၏ ပျက်စီးရန်ကြာချိန်၊ ပလတ်စတစ်အမှိုက် လျှော့ချရမည့် နည်းလမ်းများ၊ ငြင်းပယ်ခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ မီးခိုးမြူငွေ့ဆိုသည့် အဓိပ္ပာယ်၊ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုနှင့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင် ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနည်းလမ်းများ စသည့်အကြောင်းအရာများပါဝင်သည့် ပလတ်စတစ်အန္တရာယ်နှင့် မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)