ပင်းတယ မတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ငှက်ပျောတောရပ်ကွက်အတွင်းရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနယ်မြေအတွင်း၌ မတ်လ ၁၀ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခင်ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ခင်အချိန်ကာလက အဆိုပါပွဲတော်တွင် ဒေသထွက်ကုန်စည်ဆိုင်များ၊ တိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်အစားအသောက်ဆိုင်များအစရှိသည့်ဈေးဆိုင်များအပြင် ရိုးရာအားကစားပြိုင်ပွဲများနှင့် စတိတ်ရှိုးများ၊ ဇာတ်သဘင်များကိုထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လေ့ရှိပြီး တပေါင်းလပြည့်အဖိတ်နေ့တွင် ဒေသခံပြည်သူများကမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့တွင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်းရှိ ရှေးဟောင်းစေတီများ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာ့နယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများအား မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားများကျင်းပခြင်း၊ ဒေသခံပြည်သူများက ဘုရား၊ စေတီပုထိုးများအား ဆွမ်း၊ ခဲဖွယ်၊ ဆီမီး၊ ပန်းများကပ်လှူပူဇော်ခြင်းနှင့် တပေါင်းလပြည့်ညတွင် ဘုရားစေတီပုထိုးများအား ဆီမီးကပ်လှူပူဇော်ခြင်းတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်လေ့ရှိကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုစတင်ဖြစ်ပွားခဲ့သည့်နှစ်မှစတင်၍ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ကန့်သတ်ချက်များဖြင့်သာ ကျင်းပပြုလုပ်ခဲ့ရပြီး ယခုနှစ်တွင် မတ်လ ၁၀ ရက်နေ့မှ မတ်လ ၁၅ရက်နေ့အထိ ဈေးရောင်းပွဲတော်များ၊ တိုင်းရင်းသားရိုးရာတေးသီချင်းများ၊ အကအလှများ သီဆိုဖျော်ဖြေတင်ဆက်ခြင်း၊ တပေါင်းလပြည့်အဖိတ်နေ့တွင် ဒေသခံပြည်သူများက မြို့နယ်အတွင်းရှိဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့တွင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်းရှိ ရှေးဟောင်းစေတီများ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာ့နယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများအား မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)