မိုးနဲ မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမနေရာ၌ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေ၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများကပူးပေါင်းကာ သုတ၊ ရသစာအုပ်များကို ဖတ်ရှုသူများ အားလပ်သောအချိန်ကို ဖုန်းအသုံးပြုမည့်အစား စာပေဖတ်ရှုလေ့လာခြင်းဖြင့်ကုန်ဆုံးစေရန်၊ စာအုပ်စာပေဖတ်ရှုလိုက်ခြင်းကြောင့် အကျိုးကျေးဇူးများစွာကိုရရှိနိုင်စေရန်၊ အမှားအမှန်ဝဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ပြုလုပ်ပေးခဲ့ကြပြီး စာပေဖတ်ရှုသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ထို့နောက် အမျိုးသမီးများအပေါ်ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ထိပါးနှောက်ယှက်မှုများအတွက် ဥပဒေအကြောင်းသိကောင်းစရာများပါရှိသော နံရံကပ်စာစောင်အားပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လုပ်ငန်းများကိုကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် အများပြည်သူများသိရှိလိုက်နာသင့်သည့် ဆောင်ရန်ရှောင်ရန်များပါရှိသော နံရံကပ်စာစောင်များကိုလည်း မြေစိုက်နံရံကပ်ပြဘုတ်တွင် အချိန်နှင့်တပြေးညီ ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)