မိုင်းတုံ မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ မိုင်းတုံမြို့ပေါ်ရှိဈေးဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်စနစ်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဈေးဆိုင်တစ်ဆိုင်တွင်ထားရှိရမည့်ဆောင်ရန်ရှောင်ရန်ပစ္စည်းများနှင့် မီးသုံးစွဲမှုပုံစံ၊ မီးကြိုးများကောင်းမွန်မှုရှိမရှိ၊ ပလပ်ခုံများကောင်းမကောင်းအစရှိသည်တို့ကို စစ်ဆေးခြင်းနှင့်မီးဘေးအန္တရာယ်သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်နေခြင်းသည် နွေရာသီရောက်ပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားခြင်းသည် တစ်ဦးတစ်ရောက်ချင်းတွင်တာဝန်ရှိကြောင်း မိမိတို့ပိုင်ဆိုင်သည့်အဆောက်အဦးများ၊ ဥစ္စာပစ္စည်းများပျက်စီးဆုံးရှုံးမှုမရှိစေရန်၊ မိမိကိုယ်တိုင်မီးဘေးအန္တရာယ်မှ ကာကွယ်ရမည့်နည်းလမ်းများသိရှိစေရန်ရည်ရွယ်၍ မီးဘေးရှောင်မလောင်ခင်တားဆိုသည့်အတိုင်း မဖြစ်ခင်ကကြိုတင်စီမံထားပါက ဆုံးရှုံးမှုနည်းပါးနိုင်ခြင်း၊ မီးလောင်လျှင်ကြိတ်မငြိမ်းပဲ ပတ်ဝန်းကျင်ကိုအကူညီတောင်းပါ၊ ကျွန်တော်တို့မီးသတ်စခန်းကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားပါ၊ မီးဘေးဆိုတာသည် လူပြုလုပ်တဲ့ဘေးတစ်ခုပင်ဖြစ်တဲ့ သဘာဝဘေးလည်းဖြစ်ကြောင်း၊ လူသားအရင်းအမြစ်နှင့် သဘာဝဘေးအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်နိုင်သောဘေးဆိုးတစ်ခုဖြစ်ခြင်းကြောင့် မီးဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများသည် လူတိုင်းအပေါ်တာဝန်ရှိသည်ကိုသိရှိထားရန်လိုအပ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းထွေးက အကျယ်တစ်ဝင့်ရှင်းလင်းပြီးနောက် မီးသတ်ဆေးဗူးများကောင်းမကောင်းစစ်ဆေးပြီး၊ မကောင်းသည့်ဆိုင်များကို အသစ်ပြန်လည်အသုံးပြုရန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)