ကျောက်ပန်းတောင်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်း စိစစ်မှုများဆောင်ရွက်

ကျောက်ပန်းတောင်း မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မြေပြင်လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ဘူတာရပ်ကွက်နှင့်တမ္ပဝတီရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအနေဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူဦးရေစာရင်းကွင်းဆင်း စိစစ်မှုများကို၊ ဖေဖော်ဝါရီ (၃)ရက်နေ့မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စု အမှတ်စဉ်နှင့်မိသားစု အမှတ်စဉ်များကို နေရပ်လိပ်စာ မှန်ကန်မှု ရှိ/မရှိ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြု ခြင်း၊ မြေပြင်တွင် စာရင်းမရှိနေထိုင်သူများအား စာရင်းပြုစုခြင်းနှင့် မည်သည့်လက်မှတ်မျှ ကိုင်ဆောင် ခြင်းမရှိသူများ၊ အထစ မရှိသူများ စိစစ်၍ အထစနှင့် နိုင်ငံသားကတ် မကိုင်ဆောင်သူများ မရှိစေရေးတို့ကို၊ တိုက်ဆိုင် စိစစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုပါ လူဦးရေစာရင်း ကွင်းဆင်းစိစစ်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည်ကျော်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိုးစိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ဦးစိုးပိုင်နှင့် မြေပြင်စာရင်း ကောက်ယူရေးကော်မတီဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)