အောင်မြေသာစံ မတ် ၄
ကမ္ဘာ့နိုင်ငံအသီးသီးတွင် AI နည်းပညာကို ကဏ္ဍအလိုက် အကျိုးရှိမည့်နေရာများတွင် အသုံးချလျက်ရှိသကဲ့သို့ သတင်းတု၊ သတင်းမှားများ၊ Deep Fake Video များ ထုတ်လွှင့်ရာတွင်လည်း အသုံးပြုလာနေပြီဖြစ်ရာ AI နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဝန်ထမ်းတိုင်းက သိရှိနားလည်ထားကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Artificial Intelligence (AI) နည်းပညာ သင်တန်းကို ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) သင်တန်းခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့သည်။
Artificial Intelligence (Al) နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယမင်းလှိုင်က Artificial Intelligence (AI) သင်တန်းတွင်ပါဝင်မည့် သင်ခန်းစာများအကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြက သင်တန်းကို ဆက်လက်ပို့ချပေးသည်။
အဆိုပါသင်တန်းသို့ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူ၊ မန္တလေးမြို့ပေါ်ရှိ မြို့နယ်အသီးသီးမှ မြို့နယ်ဦးစီးမှူးများ၊ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူး၊ ဓါတ်ပုံကျွမ်းကျင်နှင့် ရုပ်/သံကျွမ်းကျင်ဝန်ထမ်း စုစုပေါင်း(၃၅)ဦးနှင့် တိုင်းဒသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများက အွန်လိုင်းစနစ်ဖြင့်တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)