ပင်လုံ မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပန်မုန့်ကမ္မဌာန်းတိုက်၌ ယမန်နေ့ နံနက် (၈) အချိန်က ရှမ်းပြည်နယ် (မူလ)မင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ကမ္မဌာန်းတိုက်များ၏ (၅၉)ကြိမ်မြောက် မဟာသတိပဌာန်ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေး ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များဦးဆောင်၍ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အစည်းအဝေးကို စတင်ဖွင့်လှစ်ခဲ့ပြီး ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူခြင်း၊ ကျေးဇူးရှင်ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်ဆရာကြီးများအား ရည်စူး၍(၃)မိနစ်ခန့်ငြိမ်သက်စွာ မဟာသတိပဌာန်တရားရှုမှတ်ပွားများပူဇော်ခြင်း၊ ရှမ်းပြည်နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်၊ ညီလာခံသဘာပတိဆရာတော်၊ ပင်လုံမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်များနှင့် တရားပြဆရာများအဖွဲ့ သြဝါဒစရိယဆရာတော်များထံမှ သြဝါဒကထာနာယူခဲ့ပြီးနောက်၊ (၅၉)ကြိမ်မြောက် ညီလာခံကျင်းပရေးဗဟိုကော်မတီမှ လျှောက်ထားတင်ပြခြင်း၊ (၅၈)ကြိမ်မြောက် ကမ္မဌာနာစရိယတရားပြဆရာများနှင့် ပဋိပတ္တိသာသနာ နုဂ္ဂဟအဖွဲ့များ၏ညီလာခံမှတ်တမ်းအတည်ပြုခြင်း၊ ကမ္မဌာနာစရိယ တရားပြဆရာများအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊ တိုက်အလိုက်တရားပြဆရာများ၏ အစီရင်ခံစာတင်သွင်းခြင်း၊ ၁၃၈၆-၈၇ ခုနှစ်၊ တိုက်တာအလိုက် တာဝန်ကျ ကမ္မဌာနာစရိယတရားပြဆရာများ စာရင်းဖတ်ကြားကြေငြာခြင်း၊ ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့မှ သာသနာတိုးတက်ရာတိုးတက်ကြောင်း လျှောက်ထားတင်ပြခြင်း၊ ညီလာခံသဘာပတိဆရာတော်မှ နိဂုံးချုပ်သြဝါဒမြွက်ကြား၍ အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဆရာတော်သံဃာတော်များ၊ ပဋိပတ္တိကိုယ်စားလှယ်တော်များနှင့် ဓမ္မမိတ်ဆွေပရိတ်သတ်များတက်ရောက်ခဲ့ကြပြီး ညနေ(၆)တွင် ဘဒ္ဒန္တ္ဝိစိတ္တာဘိပါလ(တောင်ပေါက်ကျောင်း၊မော်လမြိုင်မြို့)ဆရာတော်နှင့် ဘဒ္ဒန္တ္သုခမိန္ဒ (လွယ်တိန်ခမ်းကျောင်း၊မူဆယ်မြို့) ဆရာတော်တို့မှ တရားဟောကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)