ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပ

အင်းစိန် မတ် ၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၃/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၅)ရက်နေ့က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း(၂/၂၀၂၅)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဖတ်ကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ  တာဝန်ရှိသူများက လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများက ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို တက်ကြွစွာပူးပေါင်းထမ်းဆောင်ကြရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ ပွင့်လင်းရာသီဖြစ်၍ မီးဘေးလုံခြုံရေးအထူးဆောင်ရွက်ရန်၊ ယာဉ်ကြောပိတ်ဆို့မှုများရှိနေ၍ သက်ဆိုင်ရာဌာနများအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးကြရန်၊ သက်ဆိုင်ရာ ဌာနများအလိုက် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသည့်အတွက် မိမိတို့ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်လုံခြုံရေးအသိ၊ သတိရှိကြဖို့ လိုအပ်ကြောင်းပြောကြားသည်။

ဇွဲထက်ကို(ပြန်/ဆက်)