ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဝန်ထမ်းများနှင့်တွေ့ဆုံ၊ စစ်တွေသင်္ဘောကျင်းနှင့် သင်္ဘောဆိပ်အားလှည့်လည်ကြည့်ရှုစစ်ဆေး၊ လမ်းမီးများတတ်ဆင်နိုင်ရေး လှည့်လည်ကြည့်ရှု

စစ်တွေ မတ် ၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရခိုင်ဌာနခွဲ)နှင့် စစ်တွေသင်္ဘောကျင်းတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ စစ်တွေသင်္ဘောကျင်းနှင့် သင်္ဘောဆိပ်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  အောင်မင်္ဂလာရပ်ကွက်အတွင်း လမ်းမီးများတတ်ဆင်နိုင်ရေး လှည့်လည်ကြည့်ရှုကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရခိုင်ဌာနခွဲ)နှင့် စစ်တွေ သင်္ဘောကျင်းတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏ ကုန်စည်စီးဆင်းမှုများအား အဓိကအားဖြင့် ရေလမ်းကြောင်းကိုအသုံးပြု၍ ဆောင်ရွက်ကြကြောင်း၊ ကုန်ကျစရိတ်အနည်းဆုံးဖြင့် ကုန်ပစ္စည်းအများဆုံးကို သယ်ယူနိုင်ခြင်းသည် ရေလမ်းကြောင်းပင်ဖြစ်ကြောင်း၊ ယခုအခါ လုံခြုံရေးအခြေအနေကြောင့် ဒေသအတွက် လိုအပ်သောပစ္စည်းများကို ရေလမ်းကြောင်းဖြင့် အဓိကထားသယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် ကုန်စည်စီးဆင်းမှုကို ရေလမ်းကြောင်းဖြင့်သာ အဓိကထားဆောင်ရွက်နေကြကြောင်း၊ စီးပွားရေးအနေဖြင့်လည်း သင်္ဘောတည်ဆောက်ခြင်းကို စီးပွားရေးတစ်ခုအနေဖြင့် ဆောင်ရွက်နေကြကြောင်း၊ စစ်တွေသင်္ဘောကျင်းတွင် အတွေ့အကြုံရှိသော ဝန်ထမ်းများများစွာရှိကြောင်း၊ အတွေ့အကြုံများစွာရှိသော ကျွမ်းကျင်ပညာရှင်များက ဝန်ထမ်းငယ်များအပေါ် လက်ဆင့်ကမ်းပြီး ဆွေးနွေးပွဲများ လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများသက်သာရှောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာရုံးများ၌ ရုံးလုပ်ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေစေရန်အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး မြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းများတွင် ဆိုလာစနစ်ဖြင့် လမ်းမီးများရရှိအောင် ဆောင်ရွက်ထားရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ရုံးစာရွက်စာတမ်းများ လုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူလုံခြုံရေးအဖွဲ့များကလည်း လုံခြုံရေးကိစ္စရပ်များကို စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ရုံးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေသင်္ဘောဆိပ်ကမ်းနှင့် သင်္ဘောကျင်းတို့အား လှည့်လည်ကြည့်ရှုပြီး သင်္ဘောကျင်းမှဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ကူးလမ်းရပ်ကွက်၊ စက်ရုံလမ်းတွင် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဆိုလာစနစ်ဖြင့် လမ်းမီးများတတ်ဆင်ထားမှုအပေါ် ဆွေးနွေးမေးမြန်းပြီး အောင်မင်္ဂလာရပ်ကွက်၊ သာဘန်းလမ်းတွင် ဆိုလာစနစ်ဖြင့် လမ်းမီးများတတ်ဆင်နိုင်ရေး ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မင်္ဂလာရပ်ကွက် အခြေခံပညာအလယ် တန်းကျောင်းသို့သွားရောက်ပြီး Grade - 5၊ Grade-9 ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းတွင် အသုံးပြုနိုင်ရန်အတွက် ဆိုလာစနစ်ဖြင့် ရေတင်နေမှုကိုကြည့်ရှုစစ်ဆေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များအားတွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မင်္ဂလာရပ်ကွက်အတွင်း လှည့်လည်ကြည့်ရှုပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)