နမ့်စန်(တ) မတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များကို စနစ်တကျမှတ်ပုံတင်ရောင်းချနိုင်ရန်နှင့် တရားမဝင်ဆင်းကတ်ရောင်းချမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့နေ့လယ် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန(လွိုင်လင်မြို့)မှ ဦးစီးအရာရှိ ဦးသန်းတိုး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြို့နယ်တာဝန်ခံ ဦးမျိုးကျော်သူနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ ဆင်းကတ်အရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဆင်းကတ်အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင်များအပါအဝင် ဆင်းကတ်ရောင်းချသူ မည်သူမဆို အော်ပရေတာများနှင့် စာချုပ်ချုပ်ဆိုထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စာချုပ်ချုပ်ဆိုထားခြင်းမရှိသည့် အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များ ဆင်းကတ်ရောင်းချခြင်းမပြုစေရေး၊ ကြိုတင်မှတ်ပုံတင်ထားသော ဆင်းကတ်များ ရောင်းချမှုမရှိစေရေးနှင့် ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြုလုပ်ပြီး ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များကို စနစ်တကျမှတ်ပုံတင်ရောင်းချရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)