လင်းခေး မတ်၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီ အခြေခံအားကစားသင်တန်းများကို မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အားကစားသမားများ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်း၊ လင်းခေးမြို့နယ် ဂုဏ်ဆောင် ရှမ်းပြည်နယ်လက်ရွေးစင်အားကစားသမားများက ဗိုဗီနမ်(ခွန်ဘိုကာတာ) အတွဲလိုက် ကစားနည်း၊ ဂျိုဒိုကစားနည်းတို့ကို သရုပ်ပြသခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ ဘင်ခရာတပ်ဖွဲ့မှ ဖျော်ဖြေတင်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် စစ်ဗျူဟာအဖွဲ့ (အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ မြို့နယ်အတွင်း မျိုးဆက်သစ် အားကစားသမားကောင်းများ စဥ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်းလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလာနိုင်ရန် ရည်ရွယ်လျက် ဘောလုံး၊ ဖူဆယ်၊ တိုက်ကွန်ဒို၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက်နှင့် ဘော်လီဘောအားကစားနည်း (၈) မျိုးကို (၁၇-၃-၂၀၂၅) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင်နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)