မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

အောင်မြေသာစံ မတ် ၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲများကို မတ်လ ၃ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာဖြေဆို နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

ထိုသို့ လိုက်လံကြည့်ရှုရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ် ကြီးများက တိုင်းဒေသကြီးအတွင်း စာစစ်ဌာနများ ဖွင့်လှစ်ထားမှု၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ (Grade-5)၊ (Grade-9) ပြီးမြောက်မှု စာမေးပွဲများတွင် စာရင်းရှိဦးရေ၊ ဖြေဆိုဦးရေ၊ ပျက်ကွက်ဦးရေနှင့်စာမေးပွဲကျင်းပနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲအား ပြီးဆုံးသည့်တိုင်အောင် ဖြေဆိုနိုင်ရေး၊ ပညာသင်နှစ် နောက်မကျစေရန် အကြောင်းမဲ့ပျက်ကွက်ခြင်းများမဖြစ်ပေါ်စေရေး၊ စာဖြေခန်းများတွင် အလင်းရောင်ကောင်းမွန်စွာရရှိစေရေးနှင့် ချောမွေ့စွာဖြေဆိုနိုင်ရေး၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင့်ဆင့် စီမံခန့်ခွဲမှုအကောင်းဆုံးဖြင့် ဆောင်ရွက်သွားရေး၊ စာရင်းဇယားများ မှန်ကန်တိကျစွာဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာဖြေဆိုနေမှုများ ကို လိုက်လံကြည့်ရှုခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) ပြီးမြောက်မှု စာမေးပွဲများကို မတ်လ ၇ ရက်နေ့အထိနှင့် အလယ် တန်းအဆင့် (Grade-_9) ပြီးမြောက်မှု စာမေးပွဲများကို မတ်လ ၈ ရက်နေ့အထိ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအနေဖြင့်(Grade-5) ပြီးမြောက်မှုစာမေးပွဲ၌ စာစစ်ဌာန(၇၃၇)ခု ဖွင့်လှစ်ထားကာ မြန်မာစာ ဘာသာရပ်တွင် စာဖြေသူ (၈၀၀၄၁)ဦးရှိပြီး ဖြေဆိုမှု ၉၅ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ (Grade-9) ပြီးမြောက်မှုစာမေးပွဲ၌ စာစစ်ဌာန (၄၀၁) ခု ဖွင့်လှစ်ထားကာ မြန်မာစာဘာသာရပ်တွင် စာဖြေသူ (၅၄၁၆၀) ဦးရှိပြီး ဖြေဆိုမှု ၉၆ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)