မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် မတ် ၄

မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း၊မုန့်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်ကြရန်၊ ကုန်ထုတ်လုပ်သူများအနေဖြင့်လည်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်ရန်နှင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးကြရန် လမ်းညွှန်မှာကြားခဲ့ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန်ပစ္စည်းများအား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူနေကြမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်) ၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆန်၊ ဆီ၊ သား/ ငါးနှင့် အခြားစားသောက်ကုန်များကို အများပြည်သူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရေးဆောင်ရွက်ပေးကြရန်နှင့် လယ်ယာ၊ သားငါး၊ ကုန်ထုတ်ကဏ္ဍများ ပိုမိုတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်သည်။

အစည်းအဝေးတွင် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက်မှ အရေးကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်​စေရေးအတွက် အဓိကကျသော လက်ရှိဆောင်ရွက်လျက်ရှိသည့် မဲစာရင်းမှန်ကန်စေရေးအား ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်းမှာရှိသည့် အသက် (၁၈) နှစ်အထက် အတည်ပြုလူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းကြီးကြပ်မှုဗဟိုကော်မတီနဲ့ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့သည်မှာ ယခုဆိုလျှင် (၂) နှစ် ရှိပြီဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူထားသော လူဦးရေစာရင်းများအား လက်ရှိအခြေအနေနှင့် ကိုက်ညီမှန်ကန်စေရေး ပြန်လည်စစ်ဆေးနိုင်ရန်အတွက် လစ်လပ်နေသော ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ဆောလျင်စွာ ခန့်ထားနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယခုအစည်းအဝေးမှာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းခြင်း၊ လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ ဌာနဆိုင်ရာအသီးသီးက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စများရှိပါက ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးရဲရင့်ထွန်းက မဲစာရင်းမှန်ကန်စေရေးနှင့်​မြေပြင်လူဦးရေစီစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ကြီးကြပ်မှုကော်မတီ၊ အဖွဲ့ဝင် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယညွှန်ကြားရေးမှူးက မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အိမ်ထောင်စုအမှတ်စဥ်များဖြည့်သွင်းခြင်းနှင့် မြေပြင်​နေထိုင်မှုစိစစ်ခြင်းလုပ်ငန်းဆိုင်ရာ လူဦးရေစာရင်းများ မှန်ကန်စေရေးဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့မှ ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)