ဇေယျာသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

ဇေယျာသီရိ မတ် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းပစ္စည်းဖြည့်တင်းရေးဌာန ပေါင်းလောင်းစတိုဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းပစ္စည်းဖြည့်တင်းရေးဌာန အထွေထွေမန်နေဂျာ ဦးအောင်သွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်က မီးဘေးအန္တရာယ် လုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစား ခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့ မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများကို ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းသူက ဦးဆောင်၍ ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်း သတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ပစ္စည်းဖြည့်တင်းရေးဌာန အထွေထွေမန်နေဂျာ ဦးအောင်သွင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ချစ်မိုးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းပစ္စည်းဖြည့်တင်းရေးဌာန ပေါင်းလောင်းစတိုဝန်းအတွင်းမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)