သထုံမြို့နယ်၌ ‌နွေရာသီ အ‌ခြေခံ ပန်းချီနှင့် ဂီတသင်တန်း အခမဲ့ဖွင့်လှစ်

သထုံ မတ်

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ‌ကြေးသွန်းဘုရား၀င်းအတွင်း၌ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံပန်းချီရေးဆွဲနည်းနှင့် ဂီတသင်တန်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းကစတင်ကာ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပန်းချီပညာရပ်အား နားလည်ပြီး ကြံဆရေးဆွဲနိုင်ခြင်းဖြင့် ထိုးထွင်းကြံဆနိုင်သည့် အလေ့အကျင့်ကောင်းကို ရရှိစေမည်ဖြစ်ကာ ၎င်းတို့၏ ပညာရေး၊ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ဂီတပညာရပ်အား စိတ်ပါဝင်စားသည့် လူငယ်များအတွက် လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ဝါသနာပါရာကို သင်ယူလေ့လာကာ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်သူတစ်ဦးက ပြောသည်။

အဆိုပါသင်တန်းကို မတ်လ ၃ ရက်နေ့မှစတင်ကာ နေ့စဉ် မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ (၄၅) ဦးခန့် တက်ရောက်ကြလျက်ရှိကာ ပန်းချီပညာရှင် နည်းပြလေးဦးနှင့် ဂီတပညာရှင်တစ်ဦးတို့က အခြေခံပန်းချီ စနစ်တကျရေးဆွဲနည်းနှင့် ဂီတပညာအခြေခံတို့ကို အခမဲ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)