အင်းစိန် မတ် ၄
ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ရွှေတိဂုံစေတီရင်ပြင်တော် ရာဟုထောင့်၊ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားများ တန်ဆောင်းစုရပ်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက နှစ်ကျိပ်ရှိစ်ဆူဘုရားများကို ပင့်ဆောင်လျက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ချမ်းသာကြီး တန်ဆောင်းအတွင်း ပင့်ဆောင်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲကိုဆက်လက် ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးတွင် ကုသိုလ်တော်အတူပြုရန်အတွက် နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ ဖိတ်ကြားသည်။
၎င်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ကျင်းပရေးကိစ္စနှင့်စပ်လျဉ်း၍ အလှည့်ကျ သဘာပတိဂေါပကအဖွဲ့ဝင် ဦးကျော်ဇေယျက ဗုဒ္ဓပူဇနိယမင်္ဂလာအဖွင့်စကား ဖတ်ကြား လျှောက်ထားသည်။
ထို့နောက် မြတ်ဗုဒ္ဓ၏သဗ္ဗညုတဉာဏ်ရောင်မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာတော်၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက ဆီမီးတန်ဆောင်ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ဖွင့်လှစ်ပေးကြပြီး ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာဖြင့် ရွတ်ဆိုတိုက်တွန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်သည်တော်များ၊ အာရုံခံမုခ်ဦးလေးခုတွင် နေရာယူထားကြသော ပရိသတ် အမျိုးလေးပါးတို့က မဟာပဋ္ဌာန်းပစ္စယနိဒ္ဒသေပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ကြသည်။ ထို့နောက် ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်မှ မဟာပဋ္ဌာန်းဒေသနာတော်ကို အသံမစဲဆက်လက် ရွတ်ဖတ်ပူဇော်သည်။
ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို (၄-၃-၂၀၂၅) ရက်နေ့မှ (၁၃-၃-၂၀၂၅)ရက် (တပေါင်းလပြည့်နေ့) အထိ (၁၀) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး သံဃာအပါး (၁၂၀) တို့က (၂၁၆) နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ရာ (၁၂-၃-၂၀၂၅) (အဖိတ်နေ့) တွင် ရင်ပြင်တော်တစ်ပတ် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား၊ (၁၃-၃-၂၀၂၅) (တပေါင်းလပြည့်နေ့) တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အောင်ပွဲနှင့် ရေစက်ချ အနုမောဒနာ အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)