ကျောက်ပန်းတောင်း မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံပိုင်အဆောက်အဦများ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်(၁၀)နာရီက မြို့မရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းများကို မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တန်းစီကွင်းတွင်ပြုလုပ်ရာ မြို့နယ်မီးသတ်ဦးစီးမှူးက မီးလောင်မှုဖြစ်ပွားနိုင်သည့် အကြောင်းတရားများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် နိုင်ငံပိုင်အဆောက်အဦနှင့် ပစ္စည်းများမီးလောင်ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ ကြိုတင် ဆောင်ရွက်ထားရမည့်အချက်များ၊ လျှပ်စစ်မီးကြိုးများ၊ မီးပလပ်ခုံများနှင့် မိန်းခုံများ ကြံ့ခိုင်မှုရှိစေရေး၊ မလိုလားအပ်သည့် ကြက်ခိုးအမှိုက်များနှင့် စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းထားရှိရေးတို့ကို ပညာပေးဆွေးနွေးပြီး၊ မီးသတ်ဆေးဘူး အသုံးပြုမီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကို ပူးပေါင်းပါဝင် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များသည် ရုံးကော်ရစ်တာရှိ လျှပ်စစ်မီးကြိုးများနှင့်နှင့် မိန်းပလပ်ခုံများ၊ ကွန်ပျူတာခန်းနှင့် ရုံးခန်းများ၊ ဝန်ထမ်းအိမ်ရာများအတွင်း မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး၊ လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)