တာမွေ မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ တစ်ကိုယ်ရေကျန်းမာရေးဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျန်းမာရေးနှင့်အညီ စနစ်တကျ နေထိုင်သွားလာစားသောက်တတ်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီစဉ်မှုဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မျိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး တက်ရောက်လာကြသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ဓာတ်ဆားထုပ်များ၊ သန်ချဆေးများ၊ လက်ဆေးဆပ်ပြာများနှင့် လက်သန့်ဆေးရည်များကို အခမဲ့လိုက်လံဝေငှပေးခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် ကျန်းမာရေးဌာနမှ ဒေါက်တာကျော်လင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးအောင်မျိုးဦး၊ တပ်ဖွဲ့မှူးဦးရဲမြတ်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)