ဟိုပုံး မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက် တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သက်ဆိုင်ရာဆေးထိုးနေရာများတွင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက တုံခမ်းဘုန်းတော်ကြီးကျောင်း၊ မြို့ဦးကွက်သစ်ဘက်စုံသုံးခန်းမ၊ မြို့ဦးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အတုလမာန်အောင်ဘုန်းတော်ကြီးကျောင်း စသည့် ကာကွယ်ဆေးထိုးနေရာ (၄) နေရာခွဲ၍ အသက် တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသော ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)