တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် စာအုပ်များအား ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲပြုလုပ်

တွံတေး မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် စာအုပ်များအား ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တွံတေးမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှသိမ်း (အမျိုးသားစာပေဆုရှင် ဆရာမင်းသျှင်အောင်တွံတေး) က စာအုပ်များ မပျောက်မပျက်အောင် ထိန်းသိမ်းထားရှိရန်နှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက စာအုပ်စာစောင်လှူဒါန်းခြင်း၏ ရည်ရွယ်ချက်နှင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်မှူးများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် စာကြည့်တိုက်များ လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာအုပ်များကို တိုက်ပိုင်မှတ်ပုံတင်စာရင်းရေးသွင်းရန်၊ စာကြည့်တိုက်များတွင် လိုအပ်သည့် စာကြည့်တိုက်ဆိုင်ရာ စာငှားစနစ်များ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့် အစီအစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ စာကြည့်တိုက် တစ်တိုက်လျင် (၁၂၈) အုပ်နှုန်းဖြင့် တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက် (၁၁) တိုက်သို့ တာဝန်ရှိသူအသီးသီးက ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ စာကြည့်တိုက်မှူးများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသထားသော သုတ၊ ရသ၊ စာအုပ်များနှင့် နံရံကပ်စာစောင်များအား တတ်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

တွံတေးသား