ဒဂုံမြို့သစ် မြို့နယ်များအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်လျက်ရှိ

ရန်ကုန် မတ် ၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ လိုက်ပါလျက် ယမန်နေ့နံနက် ၇ နာရီက မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနှင့် ပါရမီလမ်းထောင့်၌ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ယာဉ်ကြောကြပ်တည်းမှုအား လျှော့ချနိုင်ရေးအတွက် ပြည်လမ်းအား အရှည် ၈၀၀ ပေ၊ အကျယ် ၇ ပေ၊ ထု ၉ လက်မ ကွန်ကရစ်လမ်းသားတိုးချဲ့ခင်းကျင်းနေမှု၊ အရှည် ၈၀၀ ပေ၊ အကျယ် ၇ ပေ၊ ထု ၄ လက်မ လူသွားစင်္ကြံ Interlock ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းမဘေးရေမြောင်းအား ဆယ်ယူရှင်းလင်းရန်၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းရန်၊ အသုံးမပြုသည့် လျှပ်စစ်မီးကြိုးများ ရှင်းလင်းရန်မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇) ရပ်ကွက်ရှိ ဘဲတန်းချောင်းပေါ်၌ တည်ဆောက်ထားသည့် အမှတ် (၆) ရေတံခါးအား အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ရေတံခါးတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါရေတံခါးသည် မူလအရှည် ၅၁ ပေ၊ ရေတံခါးအပေါက် (၈) ပေါက်ပါရှိပြီး ယခုအခါ အရှည် ၂၅ ပေ၊ ရေတံခါး အပေါက် (၃) ပေါက် ထပ်မံတိုးချဲ့တည်ဆောက်ခြင်းဖြစ်ပြီး အမှတ် (၆) ရေတံခါးတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးသွားပါက ဒဂုံမြို့သစ် (၄) မြို့နယ် ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ရှင်ထွေးညိုလမ်းသို့ သွားရောက်၍ လမ်းမတစ်လျှောက် ကျုးကျော်နေထိုင်မှုများ ရှင်းလင်းရန်၊ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရန်နှင့် ရှင်ထွေးညိုသဘာဝမြေသားမိုရေစုကန်အား ဆိုလာရေသန့်စင်စနစ်ဖြင့် ရပ်ကွက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရန်၊ ကန်ပတ်လည်တစ်လျှောက် လူသွားစင်္ကြံများ ဆောင်ရွက်ပေးရန်နှင့် လေ့ကျင့်ရေးအားကစားပစ္စည်းများ တပ်ဆင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)