ကျောက်ဆည်မြို့နယ်မှ မိသားစုတစ်ပိုင်တစ်နိုင်  ဒိန်ချဉ်လုပ်ငန်း

ကျောက်ဆည် မတ် ၄

မေး-    အမည်လေးနဲ့ အခြေခံစားသောက်ကုန်လုပ်ငန်းလေးစတင် တည်ထောင်ဖြစ်ပုံလေး ပြောပြပါဦး။

ဖြေ-    ကျွန်တော်အမည်ကတော့ ဦးဇွန်ကိုဦးဖြစ်ပါတယ်။ မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရဖို့ လူသုံးကုန်ပစ္စည်းများဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းချက်စရာတွေနဲ့ ဆပ်ပြာ၊ သွားတိုက်ဆေး၊ မုန့်မျိုးစုံကို အိမ်နဲ့တွဲပြီးဖွင့်လှစ်ရောင်းချကြောင်း၊ ၂၀၁၀ ခုနှစ်ရောက်တဲ့အခါ မှာတော့ ဝင်ငွေပိုမိုရရှိရေး ဒိန်ချဉ်ပြုလုပ်တဲ့ နည်းပညာများကို လေ့လာသင်ယူပြီး နွားနို့စိမ်း၊ ဒိန်ချဉ်၊ ရေခဲမုန့်တွေပြုလုပ်ကာ စတင်ရောင်းချဖြစ်ပါတယ် အထိုက်အလျောက်တော့ အောင်မြင်မှုရပါတယ်။

မေး-    လုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ကြမ်းတွေကို ဘယ်ဒေသက ဝယ်ယူရရှိပါသလဲ။

ဖြေ-    အဓိကကြတဲ့ကုန်ကြမ်းကတော့ နွားနို့ပေါ့ ကုန်ကြမ်းများဖြစ်သည့် နွားနို့များကို ကျောက်ဆည်မြို့နယ်အတွင်းရှိ ရဲဘော်လေးကျေးရွာနှင့် ရွှေဓားကျေးရွာများအပြင် စဉ့်ကိုင်မြို့နယ် စွန်ရဲကျေးရွာများမှ နွားမွေးတဲ့ကျေးရွာပြည်သူတွေဆီက ဝယ်ယူတာဖြစ်ပါတယ်။ ဝယ်ယူတဲ့ နွားနို့တွေက မြန်မာနွားမများမှ ထွက်ရှိသည့် နွားနို့များဖြစ်ပါတယ် မေထုန်နွားနို့တွေ မဟုတ်ပါဘူး။

မေး-    ထုတ်လုပ်ရောင်းချတဲ့ စားသောက်ကုန်ပစ္စည်း ဘယ်နှစ်မျိုးထုတ်လုပ်ပါသလဲ။

ဖြေ-    ထုတ်လုပ်ရောင်းချတဲ့ပစ္စည်းတွေကတော့ ဒိန်ချဉ်၊ နို့အေး၊ ရေခဲမုန့်တွေဘဲဖြစ်ပါတယ် ဒိန်ချဉ်ကိုတော့ အဓိကထားထုတ်လုပ်ရောင်းချတာပေါ့ အခြားနို့အေးနဲ့ရေခဲမုန့်တို့ကတော့ ရက်ကျန်မရှိရေးမှာယူတဲ့ အပေါ်ကြည့်ပြီး လိုအပ်မယ်ထင်သလောက်ဘဲ ထုတ်လုပ်ရောင်းချပါတယ်။

မေး-    ဘယ်ဒေသတွေမှာဖြန့်ဖြူးရောင်းချပါသလဲ။ တိုးချဲ့ရောင်းချဖို့ အစီအစဉ်လေးများ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ-    အဓိကရောင်းချတာကတော့ ကျောက်ဆည်မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာတွေမှာရှိတဲ့ အရောင်းဆိုင်တွေကို အရောက်ပို့ဆောင်ပြီး ဖောက်သည်ပေးရောင်းချပါတယ်။ အခြားနေရာ တွေအနနဲ့ကတော့ မြစ်သား၊ စဉ့်ကိုင်၊ ဝမ်းတွင်းမြို့နယ်တွေကိုလည်း ပို့ဆောင်ဖြန့်ဖြူးရောင်းချပါတယ်။ ဈေးကွက်တိုးချဲ့ဖို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် မတိုးချဲ့နိုင်သေးပါဘူး။

မေး-    MSME လုပ်ငန်းအဖြစ်နဲ့  စတင်ဆောင်ရွက်ပုံလေးပြောပြပေးပါဦး။

ဖြေ-    ဟုတ်ကဲ့ ဒိန်ချဉ်လုပ်ငန်းကို ၂၀၁၀ ခုနှစ်ကစတင်ပြီး ပြုလုပ်ရောင်းချခဲ့ပါတယ် နိုင်ငံတော်က MSME လုပ်ငန်းတွေကို အားပေးထောက်ပံ့တော့ ကျွန်တော်အပါအဝင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်တွေအနေနဲ့ အများကြီးအဆင်ပြေသွားတာပေါ့။ ဝယ်ယူသုံးစွဲသူပြည်သူတွေအနေနဲ့လည်း အာမခံချက်တွေရရှိလာလို့ များစွာကောင်းမွန်လာပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေမှုတွေရှိ လာတာပေါ့။ MSME လုပ်ငန်းအဖြစ် ပစ္စည်းများထုတ်လုပ်ရောင်းချမှုများကို မှတ်ပုံတင်ထားတော့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအမျိုးအစားအလိုက် ငွေကြေးအပြင် လုပ်ငန်းခွင်မှာလိုအပ်တဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ အလွယ်တကူဝယ်ယူရရှိသလို ထွက်ရှိလာသောကုန်ပစ္စည်းများကိုလည်း အရည်အသွေးစစ်ပြီးမှ ဈေးကွက်အတွင်းရောင်းချတဲ့အတွက် ဝယ်ယူသုံးစွဲသူပြည်သူတွေအတွက်လည်း အများကြီးအဆင်ပြေတယ်လို့ ပြောကြားလိုပါတယ်။

မေး-    ထုတ်လုပ်တဲ့ပစ္စည်းတွေကို ဘယ်ဈေးနှုန်းတွေနဲ့ ရောင်းချဖြန့်ဖြူးရောင်းချတယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။

ဖြေ-    ဒိန်ချဉ်ကိုတော့ ၃၅၀/၂၅၀မီလီမီတာဘူးများနဲ့ ထုတ်လုပ်ပြီး ၃၅၀ မီလီမီတာ ဒိန်ချဉ်တစ်ဘူး ငွေကျပ် ၇၀၀၊၂၅၀မီလီမီတာဒိန်ချဉ်တစ်ဘူးငွေကျပ်၅၀၀နဲ့ရောင်းချပြီး နို့အေးအနေနဲ့ကတော့ ၃၀၀မီလီမီတာဘူးနဲ့ပဲ ထုတ်လုပ်ပြီးရောင်းဈေးအနေနဲ့ ငွေကျပ် ၇၀၀ နဲ့ရောင်းပါတယ်၊ ရေခဲမုန့်ကတော့ မှာယူတဲ့အခါမှ ကုန်ကြမ်း ဈေးနှုန်းပေါ်မှာမူတည်ပြီး ထုတ်လုပ်ရောင်းချပါတယ်။

မေး-    လက်ရှိနိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေးဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် ဒီနေလင်းလုပ်ငန်းကဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။

ဖြေ-    ကျွန်တော်တို့ ဒီနေလင်းလုပ်ငန်းအနေနဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းတွေ မှတ်ပုံတင်ဆောင်ရွက်တဲ့အခါမှာ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပါတယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ လုပ်ငန်းရဲ့ လုပ်ငန်းလည်ပတ်မှု အခြေအနေများကိုကြည့်ရှု့စစ်ဆေးပြီး လိုအပ်တဲ့ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခြင်းအပြင် လိုအပ်တဲ့စက်ပစ္စည်းများကိုလည်း သက်ဆိုင်ရာဦးစီးဌာနနဲ့ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် အလွယ်တကူ ဝယ်ယူခွင့်ရတဲ့အတွက် များစွာအဆင်ပြေပါတယ်လို့ပြောကြားလိုပါတယ်။

မေး- ဒီနေလင်းလုပ်ငန်းအတွက် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်း ရရှိဖို့နဲ့အခြား အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အားပေးစကားများလည်း ပြောကြားပေးပါဦး။

ဖြေ- ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့အနေနဲ့ကတော့ ကျွန်တော့်လုပ်ငန်းက မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သေးလို့ တစ်နေ့လျှင် နွားနို့ပိဿာချိန် (၃၀/၄၀)လောက်သာ အသုံးပြုနိုင်သည့်အတွက် ပြည်သူ(၁၀)ဦးလောက်ကိုသာ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ပါသေးတယ်။ ဒိန်ချဉ်လုပ်ငန်းလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေရှိရင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိအောင်နည်းပညာတွေကို ဖြန့်ဝေပေးဖို့ အစီအစဉ်ရှိကြောင်းကိုလည်း ပြောကြားလိုပါတယ်။

ခရိုင်(ပြန်/ဆက်)