ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်

ဒဂုံတောင် မတ် ၄

နွေရာသီအားလပ်ရက်များတွင် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တွေးခေါ်စဉ်းစားဉာဏ်တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာန၊ မြို့နယ်စာ‌ရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့ နံနက် (၉) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက နွေရာ:သီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားရရှိရေးအတွက် စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်ကြည်ကြည်ဝင်းဇော် စာရေးဆရာမ ဒဂုံကြည်ဇော်က စာစီစာကုံးရေးသားရာတွင် ပါဝင်ရမည့် အချက်အလက်များ၊ ရေးသားရန်အတွေးများ၊ သုတစာစီစာကုံးနှင့် ရသစာစီစာကုံးဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ပေးထားသည့် Out Line မဖြစ်မနေပါဝင်အောင် ထည့်သွင်းရေးသားရန်နှင့် စာစီစာကုံးတိုင်းတွင် ပေးထားသည့်ခေါင်းစဉ်နှင့် ကိုက်ညီအောင်ရေးသားတတ်စေရန် စသည်တို့ကို အကျယ်တဝင့်ပြောကြားသည်။

အဆိုပါစာစီစာကုံးရေးသားနည်းသင်တန်းကို ဖေဖေဝါရီ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သင်တန်းကာလ (၅) ရက်တွင် စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးအောင်