ပုဇွန်တောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစား အခြေခံသင်တန်းများ စတင်ဖွင့်လှစ်

ပုဇွန်တောင် မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းများကို ယမန်နေ့မှစတင်၍  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် မြန်မာ့သိုင်းသင်တန်းကို မြို့နယ်ပညာရေးမှူးရုံး၊ တေဇခန်းမ၌ နည်းစနစ်မှူး ပင်မဆရာကြီးဦးဇော်ဝင်း၊ ဦးလှမြတ်မူ၊ ဦးမျိုးညွန့်၊ ဦးအောင်မြင့်သိန်း၊ ဆရာမဒေါ်ရူပါသိန်းတို့ဖြင့်လည်းကောင်း၊ Fitness Dance သင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နည်းပြဒေါ်သျှားထက်နီမှလည်းကောင်း၊ စားပွဲတင်တင်းနစ်သင်တန်းကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် နည်းပြဒေါ်နန်းမြို့စန်းကြူမှလည်းကောင်း၊ ခရစ်ကတ်သင်တန်းကို အမှတ်(၁)ရပ်ကွက်၊ (၅၂)လမ်းတွင် နည်းပြဒေါ်အေးအိန္ဒြာမိုးမှလည်းကောင်း၊ ပိုက်ကျော်ခြင်းသင်တန်းကို အမှတ်(၁)ရပ်ကွက်၊ (၅၂)လမ်းတွင် နည်းပြဦးဆန်းထွန်းမှလည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်ပြီး တိုက်ကွမ်ဒိုသင်တန်းကို ၅-၃-၂၀၂၅ ရက်နေ့တွင် နည်းပြဒေါ်နွေးဆုအောင်ဖြင့်  အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို ၃-၃-၂၀၂၅ ရက်မှ ၃၁-၃-၂၀၂၅ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန်၊ မြို့နယ်ကိုယ်စားပြုအားကစားသမားများမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီအားကစားအခြေခံသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်သီရိဆွေထံမှ သိရသည်။

ခိုင်ဝင်း