မိတ္ထီလာ မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဆောင်းကြက်သွန်နီစိုက်ဧကများ သတ်မှတ်လျာထား စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးထားသည့် စိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ပြီးမြို့နယ်အတွင်း ကြက်သွန်နီစိုက်ပျိုးသည့် စိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြို့နယ်အတွင်း၌ ဆောင်းကြက်သွန်နီစိုက်ပျိုးဧက ၁၄၃၉ ဧက စိုက်ပျိုးရန် သတ်မှတ်လျာထားခဲ့ပြီး မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆောင်းကြက်သွန်နီကို စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် စိုက်ပျိုးဧကများ ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကကွင်းဆင်း၍ လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီ၍ ဒေသခံ ကြက်သွန်နီစိုက်ပျိုးတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဆောင်းကြက်သွန်နီစိုက်ပျိုးဧက ၁၉၀၂ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် သတ်မှတ်လျာထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။
အဆိုပါ ဆောင်းကြက်သွန်နီစိုက်ပျိုးဧက ၁၉၀၂ ဧကအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ညောင်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ကွင်းတစ်ကွင်းတွင် စိုက်ပျိုးတောင်သူ ၂၂ ဦးမှ စိုက်ပျိုးဧက ၈၀ ဧက၊ ညောင်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကွင်း ၃ ကွင်းတွင် စိုက်ပျိုးတောင်သူ ၄၁ ဦးမှ စိုက်ပျိုးဧက ၈၂ ဧက၊ ကန်သာကျေးရွာအုပ်စုအတွင်းရှိ ကွင်း ၅ ကွင်းတွင် စိုက်ပျိုးတောင်သူ ၁၀၉ ဦးမှ စိုက်ပျိုး ဧက ၁၇၁ ဧက၊ ရှမ်းတဲကျေးရွာအုပ်စုအတွင်းရှိ ကွင်း ၃ ကွင်းတွင် စိုက်ပျိုးတောင်သူ ၄၉ ဦးမှ စိုက်ပျိုးဧက ၆၇ ဧက စိုက်ပျိုးထားရှိရာ မြို့နယ်အတွင်း၌ ကျေးရွာအုပ်စု ၄ အုပ်စုအတွင်းရှိ ကွင်း ၁၂ ကွင်းတွင် စိုက်ပျိုးတောင်သူ ၂၂၁ ဦးမှ စိုက်ပျိုးဧက ၄၀၀ ကို စိုက်ပျိုးထားရှိကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)