တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကာတွန်းရေးဆွဲနည်း အခြေခံသင်တန်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်

တောင်ဥက္ကလာပ မတ် ၄

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရန် ရည်ရွယ်၍ အခြေခံကာတွန်းရေးဆွဲနည်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်ကစ၍ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆက်လက်သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းဆရာ မောင်ယဉ်ဝေ (ဥက္ကလာ) နှင့် ဆရာမ ဒေါ်လွင်လွင်မျိုးတို့က သင်တန်းတွင် ကာတွန်းပုံရေးဆွဲသည့် မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မတ်မျဉ်း၊ စက်ဝိုင်းပုံ၊ တြိဂံပုံ စသည့်တို့ဖြင့် အခြေခံတည်ဆောက်ရေးဆွဲမည့် အကြောင်းအရာများနှင့် ပတ်သက်၍ စာတွေ့ လက်တွေ့ ပို့ချသင်ကြားခဲ့ပါသည်။

ကာတွန်းရေးဆွဲနည်းအခြေခံသင်တန်းကို ဒုတိယနေ့ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ သင်တန်းသို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၃ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)